ချင်းတောင်တပ်ရင်း 1894 - ( Chin Hill Battalion - 3rd Chin Rifles)

 3rd Chin Rifles

 မြန်မာပြည်တပ်ရင်းများအနက် Chin Hills Battalion သည် Burma Infantry Battalion အဖြစ် အစောဆုံး တပ်မတော်များတွင် ပါဝင်လေသည်။ ၁၈၉၄ ခုနှစ် Burma Military Police Battalion အဖြစ် စတင်ခဲ့လေသည်။ အိန္ဒိယ-မြန်မာ ခွဲထွက်ပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သော Burma Frontier Force(BFF) တွင် ပါဝင် လာသည်။ 

ဂျပန်ခေတ်ရောက်လာသောအခါ ဂျပန်ကိုထိုးစစ်ဆင်ရန်အတွက် ထို Infantry Battalion အား Anti-Tanks/ Mortar Regiment အဖြစ်သို့လည်းကောင်း ပြောင်းလည်းဖွဲ့စည်းလိုက်သည်။ ထိုတပ်သဘ် New Burma Artillery တွင် ပါဝင်ဖွဲ့စည်းထားသော Artillery တပ်သုံးတပ်တွင် အပါအဝင်ဖြစ်လေသည်။ မူလက ထိုတပ်သည် ဂေါ်ရခါးစစ်သည်အများစုဖြစ်ရာမှ ၁၉၂၂ အရောက်တွင် ချင်းလူမျိုးအများစု ဖြစ်လာပါသည်။

၁၉၄၂ ခုနှစ် ဂျပန်တို့ ကျူးကျော်လာသောအချိန်တွင် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သော Burma Army တွင် Chin Hills Battalion သည်ပါဝင်လေသည်။ ထိုတပ်ရင်းသည် ဂျပန်ခေတ်တလျောက်လုံးတွင် ချင်းတောင်တွင် အခြေချကာ ဂျပန်တို့အား တိုက်ခိုက်လေသည်။ ထို တပ်သည် ၁၉၄၆ အရောက်တွင် 1st Chin Hill Anti-Tank Regiment တပ်အဖြစ် Burma Artillery အောက်တွင် ဆက်လက်ဖွဲ့စည်းထားရှိသည်။ သိပ် မကြာ မှီ ၁၉၄၇ ခုနှစ်အရောက်တွင် ချင်းတောင်တပ်ရင်း (Chin Hill Battalion) အမည်သို့ပြောင်းကာ Burma Regiment အောက်တွင် ဆက်လက်တည်ရှိလာသည်။

ထိုတပ်ရင်းသည် ချင်းတောင် (Chin Hill) ဖလမ်း (Falam) တွင် အခြေစိုက်ပါသည်။ ချင်း၊ ဂေါ်ရခါး၊ ကမွန်နီ (Kamonys) နှင့် ဆစ်ခ်အနည်းငယ်တို့နှင့် ဖွဲ့စည်းထားလေသည်။ ချင်းတပ်ခွဲများအား ဘာသာစကားအလိုက် ငါးခွဲထားရှိလေသည်။ ၄င်းတို့မှာ Hakha တပ်ခွဲ၊ Siyin တပ်ခွဲ၊ Khongsai တပ်ခွဲ၊ Zahau တပ်ခွဲများ ဖြစ်လေ သည်။ တပ်ရင်းဘုံစကားအဖြစ် Urdu ဘာသာစကားအားအသုံးပြုလေသည်။ ချင်းတပ်သားများသည် ဆံပင်အရှည်ထားခွင့်ရရှိပြီး ထုံးထားလေသည်။  ချင်းတောင်တပ်ရင်း၏ အဓိက စခန်းချလှုပ်ရှားသော နယ်မြေ (Outposts) ငါးခုရှိလေသည်။ တီးတိန်၊ ဖို့စ်ဝှိုက်၊ ဝေဘူလ၊ ဟားခါးနှင့် ဖလမ်းတို့ဖြစ်လေသည်။

၁၉၄၃ အောက်တိုဘာလတွင် ချင်းတောင်တပ်ရင်းအား ဗဟိုဌာနရုံး၊ ဌာနချုပ်တပ်ခွဲ၊ လက်နက်ကိုင်တပ်ခွဲ ၇ ခု၊ ခြေလျင်ကင်းထောက်တပ်စု ၂ စု၊ နောက်တန်းဗဟိုကင်းနှင့် ယဉ်ခွဲများဖြင့် ထပ်မံတိုးချဲ့လေသည်။ ၁၉၄၄ တွင် Eastern Army ခေါ် IV Corps ၏အောက်တွင် ထားရှိလေသည်။

၁၉၄၄ ခုနှစ်ဂျပန်တို့ ကိုဟီးမားအားထိုးစစ်ဆင်ရန် အင်ဖာသို့ တိုက်ခိုက်လာသောအခါ ချင်းတောင်အားလည်း တိုက်ခိုက်လာလေသည်။ ချင်းတောင်အားတိုက်ခိုက်လာသော ဂျပန်စစ်ကြောင်းအား တိုက်ခိုက်ခြင်းနှင့် ဆုတ်ခွာသွားသော ဗြိတိသျှတို့အား တီးတိန် အင်ဖာလမ်းကြောင်းတလျောက် လုံခြုံရေးယူခြင်းများ ပြုလုပ် ရလေသည်။ Eastern Army (IV Corp) ၏လက်အောက်တွင် လှုပ်ရှားခဲ့ပါသည်။ နောက်ဆုံး လှုပ်ရှား ခဲ့သောနေရာမှာ ကဘော်လွင်ပြင်နှင့် တွန်းဇံမြောက်ဖက်အကြား မဏိပူရမြစ်ဒေသ များတွင်ဖြစ်ကာ နောက်ဆုံး တွင် ရှိလောင် (Shillong) သို့ဆုတ်ကာ ပြန်လည်ပြင်ဆင် လေသည်။

နောက်တွင် ပြန်လည်အင်အားဖြည့်ဖွဲ့စည်းလိုက်သော ချင်တောင်တပ်ရင်းသည် အသစ်ဖွဲ့စည်းလိုက်သော လူရှိုင်းတပ်မဟာ (Lushai Brigade) လက်အောက်တွင် ပါဝင်လာပြီး၊ မြန်မာပြည်စစ်ကြောင်းတွင် ဂန်ဂေါမြို့ အား သိမ်းပိုက်လေသည်။ ချင်းတောင်တပ်ရင်းသည် ၁၉၄၆ ခုနှစ်တွင် အမှတ် (၁) တင့်ဖျက်တပ်ရင်း 1st (Chin Hills) Anti-Tank/Mortar Regiment အဖြစ်လည်းကောင်း၊ ၁၉၄၇ တွင် သြဂုတ်လတွင် Chin Hills Battalion ခြေလျင်တပ်ရင်းအဖြစ်လည်းကောင်း၊ ၁၉၄၈/၄၉ တွင် ချင်းသေနတ်ကိုင်တပ်ရင်း အမှတ် (၃) အဖြစ် ပြောင်း လဲလေသည်။

သုံးသပ်ချက်

ကိုလိုနီခေတ်ဦးတွင် ဗြိတိသျှတို့လက်အောက်တွင် ချင်းမျိုးနွယ်စုများ စတင်အမှုထမ်းလာလေသည်။ အများအားဖြင့် စစ်တပ်နှင့် ရဲတပ်ရင်းများတွင်ဖြစ်လေသည်။ သို့သော် အမျိုးသားရေးအမြင်နှင့် နိုင်ငံရေး အမြင်အလွန်အားနည်းခဲ့လေသည်။ ယခင်ကပင် စစ်မှုရေးရာတွင် အထုံဝါသနာပါသော ချင်းမျိုး နွယ်များသည် ဗြိတိသျှတို့တပ်ဆင်ပေးထားသော လက်နက်များကိုင်ဆောင်လာသောအခါ ပိုမို တက်ကြွ လာကြလေသည်။ 

စစ်ရေးတွင် ကျွမ်းကျင်ပြီး နာခံမှုရှိသော၊ သစ္စာရှိသော ချင်းတိုင်းရင်း သားများအား ဗြိတိသျှတို့ သဘောကျ လေသည်။ သို့သော် တခါတရံထိုလက်နက်ဖြင့် အားနည်းသော လူမျိုးစုများအပေါ်တွင် နာကြင်စေသော အဖြစ် အပျက် များအားလည်း ပြုလုပ်မိတတ် လေသည်။  

ကူကီးလေဗီးမှ နာဂမျိုးနွယ်စုများအပေါ်တွင် ပြုလုပ်ခဲ့သော အဖြစ်အပျက်များက ၂၀ ရာစုတွင် လူမျိုးစု ပြသနာ များအဖြစ်သို့ တွန်း ပို့ခဲ့သော အချက်များထဲမှ တစ်ချက်ဖြစ်လာလေသည်။ တဖန် ၁၉၁၇-၁၉ ခုနှစ် တွင် ကူကီးပုန်ကန်မှုအားနှိမ်နင်းရန်အတွက် ပခုက္ကူတောင်တန်းဒေသမှ ချင်းမျိုးနွယ်အချို့ကို အသုံးပြုကာ နှိမ်နင်း ပြန်လေသည်။ ၁၉၃၀ မြန်မာနိုင်ငံအောက်ပိုင်း တောင်သူ လယ်သမားပုန်ကန်မှုကို နှိမ်နင်းရန် ချင်း တောင်မှ ဆူဗေဒါ (Subedars) နှစ်ဦး၊ ဂျာမေဒါ (Jemadar) တစ်ဦး ဦးဆောင်ကာ တပ်သား ၁၃၂ ဦးအား စေလွှတ်ကာ နှိမ်နင်းလေသည်။

ဗြိတိသျှတို့လက်အောက်တွင် အမှုထမ်းစဉ်က သူ့ဆန်စားရဲရမည်ဆိုသည့်အတိုင်း အမှုအခင်းအရေး အရာ များတွင် ပါဝင် ပတ်သက်ခဲ့ရလေသည်။ အင်္ဂလိပ်-မြန်မာစစ်ပွဲများတွင်သော်လည်းကောင်း၊ ပုန်ကန်မှုများ တွင်လည်းကောင်း၊ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တွင်လည်းကောင်း၊ မြန်မာပြည် တွင်းစစ်များတွင်လည်း ကောင်းပတ်သက်ခဲ့ရလေသည်။ Divide and Rule ဆိုသည့် စနစ်အတွင်း အချင်းချင်းပင် ပြန်လည်တိုက်ခိုက် ရသည့်အချိန်ရှိခဲ့ပေသည်။

အလွန်စိတ်မကောင်းစရာမှာ ဗမာသေနတ်ကိုင်တပ်ရင်းများမှ ကရင်၊ ချင်း၊ ကချင်းရဲဘော်များသည် တသွေး တသံတမိန့်ဖြင့်အတူနေထိုင်ခဲ့ကြရာ၊ ဂျပန်အဝင်တွင်လည်းကောင်း၊ ဂျပန်တို့အား ပြန်လည် တိုက်ထုတ်သည့် အခါတွင်လည်းကောင်း လက်တွဲကာ မဟာမိတ်လက်အောက်တွင် စစ်မှု ထမ်းကြရာမှ လွတ်လပ်ရေး နောက်ပိုင်း မြန်မာ့နိုင်ငံရေး အရှုပ်အထွေးအတွင်း အချင်းချင်း သေနတ်ပြောင်း လှည့်ကာ သွေးမြေကျ ရခြင်းပင်ဖြစ်လေသည်။

မည်သို့ဆိုစေကာမူ ချင်းတိုင်းရင်းသားတို့သည် အစောပိုင်းကတည်းကပင် စစ်မှုထမ်းခြင်း၊ စစ်တိုက်ခြင်းအား ပျော်မွေ့လျက် အသက်မွေးကြောင်းခြင်းပမာ စစ်မှုထမ်းရာတွင် အသားကျခဲ့လေသည်။

#Source !!

-Annual Administration Report of the Munnipoor Agency, 1873-74, 1875,1931-32

-Major WAS Hyde MC MiD, Chin Hills Battalion, Burma Frontier Force 1942-1944

0 Comments:

Post a Comment